သင်္ချေလေးရပ် တသိန်ထက်မှစ၍ ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို မနားမနေ ဖြည့်ကျင့် တော် မူပြီးနောက်၌ ဘိုးတော်အဉ္ဇန သက္ကရာဇ်ဖြိုချပြီး နှစ်ပေါင်းတော်တော်ကြသောအခါ လူတို့ သမုတ်အပ် လူတို့ အလေ့အမြတ် ပြုအပ်သော ဘုရင်တဆူဖြစ်သော မင်းသုဒ္ဓေါဒန နန်းတက် လာခဲ့သည်။ နောက်နှစ်များစွာကြာမြင့်လာသောအခါ မင်းကြီး သုဒ္ဓေါဒနနှင့် မဟာမယာဒေ၀ီတို့၏ လယ်ယာမြေကောင်း သဖွယ်ဖြစ်သော ဥယျာဉ်တွင်းမှာ သိဒ္ဓတ္ထကုမာရ ဟုဆိုအပ်သော ကုမုဒြာကြာ ပန်းကလေးတပွင့် ပြိုင်ဘက်မရှိ လှပစွာ ပွင့်ထွန်း ထွက်ပေါ်လာခဲ့သည်။ ထိုပန်းကလေး တပွင့်၏ ရနံ့ တို့ဖြင့် ဖခင် ဘုရင် သုဒ္ဓေါဒနသည် အရမ်းကို ကြည်နူးခဲ့ရသည်။
ထိုကုမုဒြာပန်းကလေး မွေးဖွားမူကြောင့် အရမ်းဝမ်းသာနေသလို အရမ်းလည်း ၀မ်းနည်းမဆုံး ဖြစ်ခဲ့ရသည်။ ၀မ်းနည်းခြင်း၏ အကြောင်းမှာလည်း ချစ်လှစွာသော ကြင်ယာတော် မဟာမာယာဒေ၀ီ မိဖုရားခေါင်ကြီး နတ်ရွာစံသွားသောကြောင့် ဖြစ်သည်။ မည်သို့သော အကြောင်းကြောင့် မင်းကြီး စိတ်သောက ရောက်နေသည် မည်သူမှ မသိသော်လည်း မင်းကြီး၏ ပူဆွေးနေသော နှလုံးအိမ်နှင့် လစ်ဟာနေသော မိဖုရားကြီး၏ နေရာကို ကြည့်လျှင် သိနိုင်ပါသည်။
လောကတွင် မည်သို့သော ယောင်္ကျားသည် အိမ်ထောင်သည် ဘ၀သို့ ရောက်ရှိသွားသော အခါ ထိုအိမ်ထောင်သည် ဘ၀ကို မြတ်နိုးခြင်း တက်မက်ခြင်း ကာမရာဂဖြင့် တည်ဆောက်ထားခြင်း ကြောင့် မိမိ၏ ကိုယ်ပိုင်ပုံရိပ် အိမ်ရိပ်တွင် ခွန်အားဖြစ်စေသော ဇနီးသည် မရှိလျှင် မျက်လုံးတဖက် မရှိသော လူတယောက် အသွင်သို့ ရောက်သွားသကဲ့သို့ ဖြစ်သည်။
မင်းကြီးလည်း ထိုနည်းအတူ မိမိ၏ ကြင်ယာတော် ချစ်ဇနီး သူဘ၀ထဲက ထွက်ခွာကာ နတ် ရွာ စံခဲ့သည့်အတွက်ကြောင့် စိတ်သောက ဗျာပါဝေလျက် ရှိနေသော်လည်း သူ၏ လယ်ယာမြေ ကောင်း သဖွယ်ဖြစ်သော ဥယျာဉ်ထဲတွင် သိဒ္ဓတ္ထကုမာရ မင်းသားကို အစားထိုး ချစ်မဆုံးသော အကြင်နာ တရားတွေနဲ့ ယုယထွေးပိုက်ကာ တသသ ရင်မှာလှိုက်သော ပီတိ အပြုံးတွေဖြင့် ပျော်မဆုံး ဖြစ်ခဲ့ရသည်။ တနေ့သောအခါ မင်းဆရာဖြစ်သော ရသေ့ကြီးတပါး နန်တော်အတွင်းသို့ ကြွလာခဲ့သည်။ ရသေ့သည် သင့်သင့်လျှောက်ပတ်သော နေရာ၌ နေထိုင်သီတင်းသုံးနေစဉ်တွင် လူမမယ် ကလေးလေး ဖြစ်သော မင်းသားလေး သိဒ္ဓတ္ထသည် ရသေ့ကြီး၏ ဦးခေါင်းထိပ်သို့ တက် ရောက်နေသည်။
ထိုအခါ၌ ရသေ့ကြီးသည် အံသြဘနန်းဖြစ်၍ ဖော်မပြနိုင်သော သောကတွေ ရင်လှိုက်သည်း လှိုက် ခံစားရင်း စက္ခူနှစ်ကွင်း အလင်းရောင်၏ အရှေ့တွင် မျက်ရည်စီးကြောင်းလေးများ တသွင် သွင် စီးနေမိသလို သူတော်စဉ် ပုလဲမျက်ရည်လေးများ မြေပါးပြင်ပေါ်သို့ ခစားလာရသည်။ ထို အချိန်မှာ ဘုရင်ကြီးလည်း အကြောင်းစုံ သိချင်သောကြောင့် ဆရာရသေ့ကြီးကို မေးလျှောက် ကြားလိုက်ပါသည်။ ရသေ့ကြီးက “အခုလို အရှင်မင်းကြီး၏ လယ်ယာမြေကောင်းသော မြေကွက် ပေါ်မှာ ဥယျာဉ်လည်းကောင်း ဥယျာဉ်မှူးလည်းကောင်းသဖြင့် အရှင်မင်းကြီး၏ ရင်သွေးဖြစ်သော သိဒ္ဓတ္ထကုမာရ မင်းသားလေးတည်းဟူသော ကမ္ဘာ့ပန်းကောင်းလေး တပွင့် ပွင့်ထွက်လာခြင်းက အလွန်ကံကောင်းလေစွ တကား၊
ထိုအပြင် နောင်လာမည့် အနာဂါတ်မှာလည်း မင်းစကြာ သို့မဟုတ် လောကသုံးတို့ အတုလ ပိုင်ရှင်လည်းဖြစ် လူသားတို့၏ အလေ့ဂရုပြုအပ်သော လောကသား အားလုံးတို့၏ ဖခင်တဆူ ဖြစ် လိမ့်မည် ထိုအကြောင်းသည် စင်စစ်ဧကန်ပင်ဖြစ်သည်”။ ရသေ့ကြီးသည် မင်းကြီးအား မျက်ဝန်း အိမ်က မခြောက်သေးသော မျက်ရည်နဲ့ကြည့်ရင်း တုန်ခါနေသော နှုတ်ခမ်းပါးအစုံက ပြောပြနေ သည်။ မင်းကြီးလည်း ထိုအကြောင်းကို သိရှိ၍ သားတော် သိဒ္ဓတ္ထကုမာရကို ကြည့်ရင်း လွန်စွာ ၀မ်း မြောက်ခဲ့သည်။
ထိုအချိန်မှာ သက်တမ်းအားဖြင့် ကြီးရင့်လာသဖြင့် နောင်ဆယ်နှစ်ကျော် နှစ်ဆယ်လောက် ကာလသာ နေရမည့် ရသေ့ကြီးသည် “ငါသည် လောကထွက်ထား သုံးလောကသနင်း တရားမင်း ဖြစ်သော ဘုရားရှင်ကို ဖူးမြင်ရတော့မည် မဟုတ်ပါ” ဟု အတွေးအိမ်မှာ တွေးတောရင်း မျက်ရည် ဖြေမဆည်သာ၍ တဖန် နှလုံးအိမ်မှာ မိုးထစ်ချုန်း ရွာချလာသဖြင့် စက္ခူအိမ် ရေလမ်းကြောင်းမှ တသွင်သွင် စီးကျလာခဲ့သည်။
သို့သော် ရသေ့ကြီးသည် ကြိုတင်ကာ အလောင်းတော် သိဒ္ဓတ္ထကုမာရ မင်းသားလေးကို လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးခြင်းဖြင့် ပီတိသောမနဿ ထုံလွှမ်းကာ ၀မ်းမြောက်ခြင်း သီတာမျက် ရည်တို့ တဖန်စီးဆင်းနေခဲ့သည်။ ထိုနောက် နှစ်ပရိစ္ဆေဒ အနည်းငယ်ကြာလွန်သောအခါ မင်းကြီး သည် တိုင်းပြည်ရှိ တိုင်းသူတိုင်းသားများဖြစ်သော ပညာရှိ ပုရောဟိတ်တို့ကို ကြေညာမောင်းတီး၍ ဆင့်ခေါ် ကာ သားတော် သိဒ္ဓတ္ထမင်းသားလေး၏ လက္ခဏာကြီးငယ်တို့ကို ကြည့်ရှုဖတ်ခိုင်းခဲ့သည်။
ထိုအချိန်တွင် မဇ္ဈိမတိုင်းနိုင်ငံရှိ နာမည်ကျော် ပုရောဟိတ် ငါးဦးတို့သည် မင်းသားလေး၏ လက္ခဏာကြီးငယ်ကို ဖတ်ကြပြီး လေးယောက်သော ပုဏ္ဏားတို့သည် စကြာမင်း သို့မဟုတ် လောက ထွက်ထား ဘုရားရှင်အဖြစ် ကမ္ဘာသူ ကမ္ဘာသားတို့၏ ဖခင် ဖြစ်လိမ့်မည်ဟု ဟောကြားခဲ့ကြသည်။ သို့သော် ကောဏ္ဍည ပုဏ္ဏားလေးသည် လောကသုံးပါး တို့၏ အလေ့ဂရုပြုအပ်သော ဘုရား စင်စစ် ဧကန် ဖြစ်လိမ့်မည်ဟု တခုတည်းသော အဖြေဖြင့် ပြောကြားခဲ့သည်။
မင်းကြီးသည် ထိုအကြောင်းအရာအားလုံးကို သိတော်မူသောအခါ မိမိ၏ သားတော်ကို လိုလေသေးမရှိအောင် ဖခင်တို့ ချစ်ခြင်းမေတ္တာဖြင့် လိုအပ်တာမှန်သမျှနှင့် အရွယ်ရောက်သော အခါမှာလည်း ဘဒ္ဒကဉ္ဇန ဟုခေါ်သော ယသော်ဓရာ မင်းသ္မီးနဲ့ မိဘတို့ ၀တ္တရားအတိုင်း ထိမ်းမြား ပေးခဲ့သည်။ ထို့အပြင် မင်းကြီးသည် သားတော်ကို ချစ်မြတ်သဖြင့် ရွှေနန်းကြီး သုံးဆောင်ဖြင့် ထားခဲ့သည်။ ထိမ်းမြားပြီး နှစ်အနည်းငယ်ကြာသောအခါ မင်းသိဒ္ဓတ်နှင့် ဘဒ္ဒကဉ္ဇနမင်းသ္မီးတို့၏ သားဦးရတနာလေး ရာဟုလာကို မွေးဖွားပေးခဲ့သည်။ အသက်အားဖြင့် နှစ်ဆဲ့ကိုးနှစ်သို့ ရောက် သောအခါ နိမိတ်ကြီးလေးပါးကို တွေ့မြင်ခဲ့သလို လောကဦးရည်ဖြစ်သော ကာမဂုဏ်၏ သကာ ရည်ကို ရွံ့ရှာသဖြင့် တောထွက်ခဲ့သည်။
သူ၏ ချစ်ခင်လှစွာသော ဇနီးနှင့်သားကို စွန့်လွတ်သွားခြင်းသည် လောကလူသားတို့ သဘာဝ အလျှောက် မကောင်းသော်လည်း အနာဂါတ် လျှောက်လှမ်းမည့် မိမိရင်၌ မလွယ်ရ သော်လည်း ဓမ္မရင်၌ လွယ်၍ မွေးပေးရသော သားသ္မီးအတွက် ကောင်းစေဖို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် မင်းသိဒ္ဓတ်သည် အနော်မာသောင်ကမ်းမှ ဥရုဝေလတောသို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ အခြားတဖက်၌လည်း အိုမင်းတရား၏ ထံသို့ခြင်းကပ်နေသော မင်းတရား သုဒ္ဓေါဒနသည် သားတော်ကို မည်သို့သော အကြောင်းရာများဖြင့် တားစီးခဲ့သော်လည်း တားစီးခွင့် မရှိသောကြောင့် သားတော် ပျောက်ခြင်းမလှ ပျောက်သွားသောကြောင့် ပူဆွေးခြင်း သောကတွေ ရင်မှာပိုက်လို့ သား တော်ကို ရှာပုံတော် ဖွင့်ခဲ့ရသည်။
သို့သော် နှစ်တွေအလီလီကြာ ညောင်းသော်လည်း သားတော်၏ ခြေရာတောင် မတွေ့ခဲ့ရ သဖြင့် ဝေဒနာနဲ့ ရင်ထုကာ ပူဆွေးခြင်း ၀မ်းနည်းခြင်း သောကတွေနဲ့ စားမ၀င် အိပ်မပျော်ခဲ့သော ညတိုင်းလို မျက်ရည်ဖြင့် ရွှေကုတင်ပေါ်မှာ မျောခဲ့ရသည်။ နှစ်ဟောင်းတွေပြောင်း နှစ်သစ်မှာ ရွက် သစ်ဝေသော တစ်နှစ်ခရီးသည် ကုန်ဆုံးခဲ့ရသည်။ ထိုအချိန်မှာ သားတော် မင်းသိဒ္ဓတ်သည် ဥရု ဝေလတောတွင် ရသေ့ရဟန်းပြုပြီး၍ ဒုက္ကရစရိယ အကျင့်တရားကို အားထုတ်နေခြင်း ဖြစ်သည်။